MV CNTIC VPOWER ENERGY သင်္ဘော မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
15 Nov
CNTIC(China National Technical Import and Export Corporation)နှင့် Hong Kong V-Power ကုမ္ပဏီတို့မှ ပိုင်ဆိုင်သည့် MV CNTIC VPOWER ENERGY သင်္ဘောသည် နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီတွင် မြန်မာ့ပင်လယ်ပြင်အတွင်း ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက် နံနက် ၂ နာရီတွင် MCV Terminal ရှေ့၌ ကျောက်ချရပ်နားကာ ၎င်းမှတစ်ဆင့် နံနက် ၁၀ ခွဲအချိန်တွင် အဆင်ပြေချောမွေ့စွာ ဆိုက်ကပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ MV CNTIC VPOWER ENERGY သင်္ဘောသည် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading) တစ်စီးဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ အလျား ၂၇၂ မီတာ ရှည်လျားကာ အရွယ်အစားအားဖြင့် ၁၀၆,၂၈၃ တန် ဖြစ်ပါတယ်။ အဆိုပါသင်္ဘောမှ သဘာဝဓာတ်ငွေ့ရည်(LNG)များကို သိုလှောင်ထားရှိပြီး သဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ရည်များပေးပို့ကာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန် အထောက်အကူပြု ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ၎င်း CNTIC VPOWER ENERGY သင်္ဘောဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သီလဝါရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သဘာဝဓာတ်ငွေ့များကို ပေးပို့ခြင်းများ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သာကေတမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိပြီး သီလဝါရှိ ဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၃၅၀ ဖြင့် စုစုပေါင်း မဂ္ဂါဝပ် ၇၅၀ ကို ထုတ်လုပ်ကာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 004)