မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်
15 Nov
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း၊ အရည်အသွေးကိုက်ညီမှု ထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ် အသုံးပြုခွင့်လိုင်စင် ရရှိပြီးဖြစ်ကြောင်းကို နိုဝင်ဘာလ ၁၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ပြည်တွင်းရှိ ပညာရှင်များက ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့ပြီး စက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးနိုင်ရေး တင်ပြခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ တင်ပြခဲ့ရာ အဆိုပါကောင်စီအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၅ ပုဒ်မခွဲ(ခ)ပါ လုပ်ငန်း တာဝန်အရ ၂-၉-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၇၅/၂၀၂၅ ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ ထုတ်ကုန်နှင့် ထုတ်လုပ်မှု နည်းစဉ်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ/မရှိကို အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာအမှတ်၊ ၀၈၃/၂၀၂၅ ဖြင့် လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးရေးကော်မတီကို ဖွဲ့စည်း၍ဆောင်ရွက်ခဲ့ရာ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်စံညွှန်း (MMS)အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးဆိုင်ရာကော်မတီ (National Certification Committee - NCC)မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ အရည်အသွေးသည် စံချိန်စံညွှန်းပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စိစစ်အတည်ပြုထုတ်ပေးခဲ့သည့် အရည်အသွေး ကိုက်ညီမှုထောက်ခံချက်(Certification of Conformity CoC)လက်မှတ်နှင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့(National Certification Body NCB)မှ ထုတ်ပေးသည့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ်(MMS Standard Mark) အသုံးပြုခွင့်လိုင်စင်တို့ကို ရရှိပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။(NVS 004)