YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု(၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ
15 Nov
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု(၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များက ဗုဒ္ဓကလျာဏယုဝအသင်း မှတ်တမ်းဓာတ်ပုံပြခန်းအား ဦးစွာ ကြည့်ရှုကြပြီး (၇၅)ကြိမ်မြောက် စိန်ရတု(၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ဂါရဝပြု ဦးညွှတ်အလေးပြုခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတက အမှာစကားပြောကြားရာတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး စတင်ပေါ်ပေါက်လာချိန်ကစ၍ ထားရှိခဲ့သည့် ရည်ရွယ်ချက်များနှင့်အညီ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲများကို ကျင်းပပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ (၇၅)ကြိမ်ရှိပြီဖြစ်ကြောင်းနှင့် YMBA အသင်းကြီး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ယနေ့အချိန်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအနေဖြင့် ဘာသာ၊ စာပေနှင့် ပတ်သက်ပြီး ဆက်လက်ပုံဖော်ဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာစာပေနှင့် ကိုယ်ပိုင် ဘာသာစကားများအား ရှိပြီးသားထက် တိုးတက်မြင့်မားလာစေရန် ဘက်စုံထောင့်စုံမှ မြှင့်တင်ဆောင်ရွက်ပေးနေ ကြောင်း၊ ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာများ ပြည့်ဝနေခြင်းသည် မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ဘဝများအတွက်သာမက ပညာတတ်များပြည့်ဝသည့် နိုင်ငံတော်တစ်ခုအတွက်လည်း ကမ္ဘာ့အလယ်တွင် ဝင့်ထည့်စေမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။(NVS 004)