၂၀၂၆ ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည်

15 Nov

ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ ၂၀၂၆ ခုနှစ်တွင်ကျင်းပမည့် ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားထားကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်သည် နိုင်ငံတကာစီးပွားရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်လေ့ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးကြသည့် နိုင်ငံတကာဖိုရမ်ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ၂၀၂၆ ခုနှစ် ဒါးဗို့စ်နိုင်ငံတကာဖိုရမ်သို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ်တွင်ကျင်းပခဲ့သော ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိဘဲ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်သည် သမ္မတ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။

15 Nov

ADVERTISE HERE .