၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမယ်လို့ ပြောကြားခဲ့တဲ့ စီရော်နယ်ဒို

14 Nov

ပေါ်တူဂီအသင်းနှင့် အယ်နာဆာအသင်း ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်ဒို က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြု ပြောကြားခဲ့ကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၄ဝ အရွယ် စီရော်နယ်ဒို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းလစ္စဘွန်း အသင်းနှင့် အတူ ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၎င်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများ စတင်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ထို့နောက် ၂၀၀၉ ခုနှစ်မှာ မန်ယူအသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ ကစားသမား ဘဝ အသင်းလိုက်ဆုဖလားများအပြင် တစ်ဦးချင်းဆုများနဲ့ စံချိန်မှတ်တမ်းကောင်းများစွာကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျူဗင်တပ်အသင်း၊ ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းမှ မန်ယူအသင်း၊ ၂၀၂၂ ခုနှစ်မှာ မန်ယူအသင်းမှ လက်ရှိတွင် အယ်နာဆာအသင်းသို့ အဆင့်ဆင့်ပြောင်းရွှေ့ကစားခဲ့ပါတယ်။ စီရော်နယ်ဒို အနေနဲ့ အသက် ၄၀ သို့ ရောက်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ အယ်နာဆာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိနေပြီး ယခုနှစ်ဘောလုံးရာသီတွင် အယ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားထားပြီး ၁၀ ဂိုးထိ သွင်းယူထားနိုင်ပါတယ်။ စီရော်နယ်ဒို က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုခဲ့သော်လည်း ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူရန် အစီအစဉ် ရှိ၊ မရှိကို ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .