နိုင်ငံနှင့်ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အဓိက၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြစ်
14 Nov
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့်သဝဏ်လွှာတွင် နိုင်ငံနှင့်ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အဓိက၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ နိုင်ငံတော်ယာယီသမ္မတက နိုင်ငံနှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက် ကြရန် တိုက်တွန်းထားရှိပါတယ်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါကဏ္ဍများတွင်လိုအပ်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကျောင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့် ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အလယ်တန်းပညာ ပြီးမြောက်ပြီးသူများကို စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ယနေ့ကာလသည် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အရေးကြီးသည့်အချိန်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားရှိပါတယ်။(NVS 004)