တရုတ်နယ်စပ်အနီး တည်ဆောက်ထားသော လေတပ်စခန်းသစ်ကို အိန္ဒိယဖွင့်လှစ်

14 Nov

တရုတ်နိုင်ငံနှင့်ထိစပ်နေသော ဟိမဝန္တာနယ်စပ်အနီး တည်ဆောက်ထားသည့် လေတပ်စခန်းသစ်ကို ဖွင့်လှစ်သည့်အနေဖြင့် အိန္ဒိယလေတပ်ဦးစီးချုပ်ကိုယ်တိုင် စစ်သုံးသယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းဖြင့် ဆင်းသက်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ တရုတ်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေးတင်းမာမှုများ ပြေလျော့စပြုလာချိန်တွင် ဟိမဝန္တာနယ်စပ်အနီး တည်ဆောက်ထားသော လေတပ်စခန်းသစ်ကို အိန္ဒိယနိုင်ငံက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပိုင်ဆိုင်ခွင့်အငြင်းပွား ဟိမဝန္တာနယ်စပ်အနီး လာဒက်ဒေသ၌ တည်ဆောက်ထားသော မူဒီယိုမာ အမည်ရှိ အဆိုပါလေတပ်စခန်းသည် တိုက်လေယာဉ်များ တပ်စွဲလှုပ်ရှားနိုင်သည့် လေတပ်စခန်းဖြစ်သည်။ အဆိုပါ လေတပ်စခန်းသစ်ကို ဖွင့်လှစ်ပေးသည့်အနေဖြင့် အိန္ဒိယလေတပ်ဦးစီးချုပ် အေပီဆင်း ကိုယ်တိုင် နိုဝင်ဘာလ ၁၂ ရက်တွင် စီ-၁၃၀ ဂျေ အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဆင်းသက်ခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မူဒီယိုမာလေတပ်စခန်းသည် တရုတ်နယ်စပ်အနီး ဟိမဝန္တာဒေသ၌ အိန္ဒိယနိုင်ငံက တည်ဆောက်ထားသည့် တတိယမြောက်လေတပ်စခန်းဖြစ်သည်။ ယင်းလေတပ်စခန်းသည် တရုတ်နယ်စပ်နှင့် ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။

14 Nov

ADVERTISE HERE .