အိန္ဒိယအစိုးရက နယူးဒေလီ မော်တော်ကားပေါက်ကွဲမှုသည် အကြမ်းဖက်ဖြစ်ရပ်ဟု ပြစ်တင်ရှုတ်ချ

13 Nov

အိန္ဒိယအစိုးရသည် နိုဝင်ဘာလ ၁၂ ရက်တွင် အဆင့်မြင့်အစိုးရအဖွဲ့ လုံခြုံရေးအစည်းအဝေးကျင်းပကာ ကြေညာချက်ထုတ်ပြန်၍ မြို့တော်နယူးဒေလီတွင် မကြာသေးမီရက်က ဖြစ်ပွားခဲ့သော မော်တော်ကားပေါက်ကွဲမှုကို ကြောက်မက်ဖွယ်ကောင်းသော အကြမ်းဖက်ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ အဆိုပါ မော်တော်ကားပေါက်ကွဲမှုဖြစ်ရပ်သည် နိုဝင်ဘာလ ၁၀ ရက်ညပိုင်းတွင် နယူးဒေလီမြို့၏ လူစည်ကားသော ရှုခင်းသာနေရာ Red Fort အနီးတစ်ဝိုက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရ အဆိုပါဖြစ်ရပ်ကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးကာ အခြားသူ ၂၀ ကျော် ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ယခုအကြိမ်လုံခြုံရေးအစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah၊ ကာကွယ်ရေးဝန်ကြီး Rajnath Singh စသည်တို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယခုအကြိမ်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသော တရားဝင်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး တင်းမာသည့် စကားအသုံးအနှုန်းများဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ကာ ယခုအကြိမ် မော်တော်ကား ပေါက်ကွဲမှုသည် နိုင်ငံတော်ဆန့်ကျင်ရေးအုပ်စုများမှ ကျူးလွန်ခဲ့သည့် ယုတ်ညံ့သောပြစ်မှုဟု ဖော်ပြထားပြီး အိန္ဒိယနိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ အသွင်ပုံစံအားလုံးကို သည်းခံမှုသုညမူဝါဒဖြင့် မယိမ်းမယိုင်ခိုင်မာစွာ လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယအစိုးရသည် ပေါက်ကွဲမှုဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများအပေါ် နက်ရှိုင်းစွာဝမ်းနည်းကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယအစိုးရ အနေဖြင့် နိုင်ငံအသီးသီးမှ ကူညီထုတ်ဖော် ပြောဆိုပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ၎င်းတို့၏ ကြံရာပါများနှင့် ငွေကြေးထောက်ပံ့သူများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး ၎င်းတို့အား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

13 Nov

ADVERTISE HERE .