အမေရိကန်နှင့် သတင်းထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု ကိုလံဘီယာရပ်ဆိုင်း
13 Nov
ကိုလံဘီယာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် သတင်းထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က နိုဝင်ဘာလ ၁၁ ရက်တွင် ကြေညာခဲ့သည်။ Petro က ၎င်းသည် ကိုလံဘီယာ သတင်းထောက်လှမ်းရေးအေဂျင်စီ အဆင့်ဆင့်အား အမေရိကန်လုံခြုံရေး အေဂျင်စီများနှင့် ဆက်သွယ်မှုစသည့် သွားလာဆက်ဆံမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ ကာရေဘီယံဒေသတွင် အမေရိကန်က သင်္ဘောများအားတိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသရွေ့ ယင်းအစီအမံမှာ စဉ်ဆက်မပြတ် သက်ရောက်မှုရှိသွားမည်ဖြစ်ကြောင်း အဆိုပါနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ အမေရိကန်၏ အကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော Gerald R. Ford ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု(CSG)သည် နိုဝင်ဘာလ ၁၁ ရက်တွင် အမေရိကန်စစ်တပ် တောင်ပိုင်း ဒေသစစ်ဌာနချုပ် တာဝန်ယူသည့်ဒေသသို့ ရောက်ရှိလာပြီး ကာရေဘီယံပင်လယ်တွင် ဖြန့်ကြက်ထားသည်။ အမေရိကန်နိုင်ငံ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု(CSG) ဖြန့်ကြက် ရခြင်းသည် အမေရိကန်၏ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ပေးပြီး ယင်းမှတစ်ဆင့် မူးယစ်ဆေးဝါးပို့ဆောင်ရောင်းချမှုကို တိုက်ဖျက်ကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အားလျော့စေပြီး နောက်ဆုံးတွင် ပြိုကွဲသွားစေရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စက်တင်ဘာလဆန်းမှစ၍ အမေရိကန်စစ်တပ်သည် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု လုပ်ဆောင်သည်ဆိုသည့် သင်္ဘောအစီး ၂၀ ခန့်ကို ပစ်ခတ်ခဲ့ရာ သင်္ဘောနစ်မြုပ်၍ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ (Repost from Xinhua Myanmar)