“ဘရာဇီးလ်ကစားသမား အော်စကာ လေ့ကျင့်မှုပြုလုပ်စဉ် မေ့လဲခဲ့တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရ”
13 Nov
ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား အော်စကာ ဟာ လေ့ကျင့်မှုပြုလုပ်စဉ် မေ့လဲခဲ့တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရပါတယ်။ အသက် ၃၄ အရွယ် အော်စကာ ဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေပြီး အင်္ဂါနေ့က လေ့ကျင့်ရေးစက်ဘီးနင်းပြီး စမ်းသပ်မှုပြုလုပ်စဉ် မေ့လဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အော်စကာ ဟာ နှလုံးပြဿနာကြောင့် အခုလိုလဲကျခဲ့တာဖြစ်ပြီး ဆော်ပေါ်လိုမြို့က ဆေးရုံကို ချက်ချင်းပို့ဆောင်ကာ အရေးပေါ် ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။ ဒါကြောင့် အော်စကာ အနေနဲ့ ကစားသမားဘဝကနေ အနားယူရမယ့် အနေအထားဖြစ်လာကြောင်း သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ အော်စကာ ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၇ အထိ ၅ နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အော်စကာ ဟာ အာရှစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၄ မှာတော့ ဆာပေါ်လိုအသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ (NVS-008)