“လောင်းကစားမှုကြောင့် တူရကီကစားသမား ၁,၀၂၄ ဦးကို ပွဲကစားခွင့် ရပ်ဆိုင်း”

13 Nov

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးပွဲလောင်းကစားပြုလုပ်ခဲ့တဲ့ တူရကီကစားသမား ၁,၀၂၄ ဦးကို ပွဲကစားခွင့်ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ တူရကီဘောလုံးလောကမှာ ဒိုင်လူကြီးတွေရော ကစားသမားတွေပါ ဘောလုံးပွဲလောင်းကစား ပြုလုပ်နေကြကြောင်း ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့က ပွဲကစားခွင့်ရပ်ဆိုင်းခံရတဲ့ ကစားသမားစာရင်းကို တူရကီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစာရင်းထဲမှာ တူရကီစူပါလိဂ်က ကစားသမား ၂၇ ဦး ပါဝင်ခဲ့ပြီး ဂါလာတာစာရေးနောက်ခံလူ လက်ရွေးစင်ကစားသမား အယ်လ်မာလီ လည်း ပါဝင်ခဲ့ပါတယ်။ အယ်လ်မာလီ ဟာ ဒီနွေရာသီမှာ ထရက်ဇွန်စပေါ်ကနေ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး သူ့အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ဘောလုံးပွဲတစ်ပွဲမှာ လောင်းခဲ့တာဖြစ်ပြီး လက်ရှိအသင်းနဲ့ ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။ တူရကီဘောလုံးအဖွဲ့ချုပ်ဟာ အခုလိုလောင်းကစားပြဿနာကြောင့် တူရကီတတိယတန်းနဲ့ စတုတ္ထတန်း ပြိုင်ပွဲတွေကို နှစ်ပတ်ကြာ ရပ်နားခဲ့ရပြီး အရေးယူမှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကစားသမားများစွာ ကို ပွဲကစားခွင့်ရပ်ဆိုင်းခဲ့တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်ခေါ်ယူခွင့် အတွက် ၁၅ ရက်အပိုဆောင်းသတ်မှတ်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုထားကြောင်း သိရပါတယ်။ (NVS-008)

13 Nov

ADVERTISE HERE .