“မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရန် အမေရိကန်လေယာဉ်တင်သင်္ဘော ကာရေဘီယံ ဒေသသို့ ရောက်ရှိ”

13 Nov

ကာရေဘီယံဒေသ၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရန် အမေရိကန် လေယာဉ်တင် သင်္ဘောသည် ကာရေဘီယံဒေသသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ရောက်ရှိလျက် ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် သင်္ဘောများကို စက်တင်ဘာလကတည်းက တိုက်ခိုက်ချေမှုန်း ရန် အမိန့်ပေးခဲ့သည်။ ကာရေဘီယံဒေသရှိ ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများမှ မူးယစ်ဆေးအမြောက်အမြား အမေရိကန်သို့ မှောင်ခိုတင်သွင်းလျက်ရှိကြောင်း ဒေါ်နယ်ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ မြေပြင်စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် က သတိပေး ပြောကြားသည်။ ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Ford ဦးဆောင်သော တိုက်ခိုက်ရေး ရေယာဉ်အုပ်စုသည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံတို့ပါဝင်သော အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်သို့ ဝင်ရောက် ခဲ့ကြောင်း အမေရိကန်ရေတပ်က နိုဝင်ဘာလ ၁၁ ရက်တွင် ကြေညာခဲ့သည်။ သင်္ဘောတိုက်ခိုက်ရေးအဖွဲ့တွင် တိုမာဟော့ခ်ဒုံးကျည်များ တပ်ဆင်ထားသော ဖျက်သင်္ဘောအများအပြား ပါဝင်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။ မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူသည့် လှေငယ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်၏တပ်ဖြန့်ထားရှိမှုသည် လိုအပ်သည်ထက် အင်အားပိုမိုများပြားလျက်ရှိကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။ ဗင်နီဇွဲလားနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်တွင် စတင်၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနို နှင့်တာဝန်ရှိသူများက နိုင်ငံအတွင်း တပ်ဆင်ထားသော ဒုံးကျည်များကို စစ်ဆေးကြည့်ရှုနေသည့်ဗီဒီယိုဖိုင်ကို ဗင်နီဇွဲလားနိုင်ငံပိုင်ရုပ်သံက ပြသခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

13 Nov

ADVERTISE HERE .