“ရန်ကုန်မြို့တော်စည်ပင်က အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်နိုင်ရန် လှုံဆော်တိုက်တွန်းလျက်ရှိ”

13 Nov

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များမှာ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြား စွန့်ပစ် နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှုံ့ဆော်တိုက်တွန်းကာ ဆောင်ရွက်နေပေမယ့် ပြည်သူများ လိုက်ပါ‌ဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ သိရပါတယ်။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများမှာ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်တွန်းထားပေမယ့်တဖက်မှ ပြည်သူများမှာ လိုက်ပါပူးပေါင်းမှု အားနည်းနေဆဲ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်စည်ပင်က အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်ရာမှာ အမှိုက်စိုများဖြစ်သော မီးဖိုချောင် ထွက်ပစ္စည်း များနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များ ဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ် အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများကို အပြာရောင်အမှိုက်ပုံး၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများအစရှိတဲ့ ဘေးအန္တရာယ်ရှိအမှိုက်များအတွက် အနီရောင်အမှိုက်ပုံးမှာ စွန့်ပစ်ရန်အသိပေးထားပါတယ်။ အခုလိုစွန့်ပစ်ပစ္စည်း အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စေနိုင်ပြီး အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေတဲ့အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS-004)

13 Nov

ADVERTISE HERE .