“တစ်နိုင်ငံလုံးမှာ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသူ ၁,၄၂၈ ဦးရှိ”
13 Nov
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ရဲ့ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှာ နိုဝင်ဘာလ ၂၄ ရက်မှစတင်ကာ ဖွင့်လှစ်မယ့် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ ၁,၄၂၈ ဦးရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ၃၂၇ ဦး၊ ဆေးတက္ကသိုလ်မန္တလေးတွင် ၃၃၁ ဦး၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ၃၁၈ ဦး၊ ဆေးတက္ကသိုလ်မကွေးတွင် ၁၀၆ ဦး၊ ဆေးတက္ကသိုလ်တောင်ကြီးတွင် ၆၁ ဦး၊ Naypyitaw State Academyတွင် ၅၈ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန်တွင် ၉၇ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေးတွင် ၁၃၀ ဦး တက်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဆေးတက္ကသိုလ်အသီးသီးတွင် တက်ရောက်ခွင့်ရသော ကျောင်းသား၊ကျောင်းသူများအနေနဲ့ မိမိတို့ဝင်ခွင့်ရတဲ့ တက္ကသိုလ်များမှာ နိုဝင်ဘာလ ၁၇ ရက်မှစတင်ကာ သတင်းပို့၍ ကျောင်းအပ်ရမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်လက်မှတ်၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားတဲ့ အမှတ်စာရင်း (မူရင်း)၊ ကျောင်းသား၊ကျောင်းသူရဲ့ မှတ်ပုံတင်(မူရင်း)တို့ကို သက်ဆိုင်ရာတက္ကသိုလ်သို့ တင်ပြရမည် ဖြစ်ပါတယ်။ အခုလိုသတင်းပေးပို့ခြင်း၊ ကျောင်းအပ်နှံခြင်းတို့ကို သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ ၃၁ ရက်အထိ ဆောင်ရွက်ခြင်း မရှိသော ဝင်ခွင့်ရရှိသူများကို ၀င်ခွင့်စာရင်းမှ ပယ်ဖျက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။ (NVS-004)