“တရားမဝင် ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသား ၆၈,၀၀၀ ခန့်ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့”
13 Nov
၂ နှစ်ကျော်ကာလအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ တရားမဝင်ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြားသား ၆၇,၉၈၂ ဦး ကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က နိုဝင်ဘာလ ၁၂ ရက်နံနက်ပိုင်းမှာ ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံချိန်၌ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်ကျော်အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇,၉၈၂ ဦးကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး KK Park နယ်မြေများမှာ အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေတဲ့ ဂိုဏ်းများကို တိုက်ဖျက်ခြေမှုန်းလျက် ရှိကာ မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူများရဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှဝင်ရောက်လာခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများက အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှု များကို အိမ်နီးချင်းနိုင်ငံများမှအခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်း တွေ့ရှိတာကြောင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေများကို သံတမန်များ အနေနဲ့ သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးမှ နယ်စပ်ဒေသများကိုအခြေပြု၍ ဖြစ်ပေါ်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ် အခြေပြုလက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစားတို့ကို နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်နေမှုများအား တိုက်ဖျက်နေတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက အီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံ နည်းစနစ်အကြောင်းကို ရှင်းလင်းသရုပ်ပြရာ တက်ရောက်လာတဲ့ သံတမန်များက Electronic Voting Machine ကို လက်တွေ့စမ်းသပ်အသုံးပြုခြင်း၊ သိရှိလိုတာများကို မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။ (NVS-004)