“ဂုတ်ထိပ်တံတားပြင်ဆင်မှု အလုံးစုံပြီးစီးပြီ”
13 Nov
သြဂုတ်လ ၂၄ ရက်မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုခံခဲ့ရတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီးကို မြန်မာ့မီးရထားမှ အင်ဂျင်နီယာများက ရှေးလက်ရာဒီဇိုင်းများအတိုင်း အောင်မြင်စွာပြန်လည်ပြင်ဆင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အခုလိုပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန် ၂၀၉ တန်တင်ဆောင်ထားတဲ့ ရထားတွဲဆိုင်းနဲ့ စမ်းသပ်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရပါတယ်။ ဂုတ်ထိပ်တံတားကို အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့၍ တံတားကြီးရဲ့ လားရှိုးဘက်အခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင် အမှတ်(၁၆) ကြား တံတားသံဘောင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့တာကြောင့် ပျက်စီးသွားသော တံတားသံဘောင်နေရာများမှာ မြန်မာ့မီးရထား၊ အင်ဂျင်နီယာဌာန၏ တံတားဘောင်အလုပ်ရုံ(ရန်ကုန်)မှထုတ်လုပ်တဲ့ သံဘောင်များနဲ့ ရက်ပေါင်း ၇၆ ရက်အတွင်း အစားထိုးတပ်ဆင်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ပြေးဆွဲမှု ယာယီရပ်နားထားသော ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ရှုခင်းကြည့် RBE ရထားများကို မကြာမီပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)