ပါကစ္စတန်နိုင်ငံ မြို့တော်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရ
12 Nov
ပါကစ္စတန်နိုင်ငံ၊ မြို့တော်အစ္စလာမ်မာဘတ်၌ နိုဝင်ဘာလ ၁၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံး၍ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အစိုးရအရာရှိက ထိုနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးသော အစီရင်ခံ တင်ပြမှု မရှိသေးကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထိုနေ့တွင် သတင်းထောက်အား အတည်ပြု ခဲ့သည်။ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်ခန့်တွင် အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦးက အစ္စလာမ် မာဘတ် ဒေသန္တရတရားရုံး တရားစီရင်ရေးအဆောက်အဦ အနီးတစ်ဝိုက်တွင် ခန္ဓာကိုယ်ပေါ်ရှိဗုံးများကို ဖောက်ခွဲခဲ့ရာ လူထိခိုက်သေဆုံးမှုဖြစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးဝန်ထမ်းများက အချင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ အချို့သော ဒဏ်ရာရသူများသည် ဒဏ်ရာပြင်းထန်သဖြင့် သေဆံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Mohsin Naqvi က ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ မီဒီယာများအား ပြောကြားခဲ့သည်။ ကနဦးစစ်ဆေးချက်အရ တိုက်ခိုက်သူသည် မူလက တရားစီရင်မှုအဆောက်အဦထဲသို့ ဝင်ရောက်၍ တိုက်ခိုက်မှုလုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးတင်းကျပ်မှုကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် အဆောက်အဦအပြင် ရဲကားတစ်စီးအနီး၌ ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ယာဉ်အများအပြား မီးလောင်ပျက်စီးမှု ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့က တရားစီရင်ရေးအဆောက်အဦ အတွင်းအပြင်ရှိလူများကို ထွက်ခွာသွားခိုင်းခဲ့ပြီး အဆိုပါဒေသ၌ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ်မာဘတ် ဒေသန္တရ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ အချင်းဖြစ်ပွားရာနေရာ၌ မျက်မြင်တွေ့မြင်သူ ရှေ့နေ Malik Khalid Khan က တိုက်ခိုက်မှုသည် တရားရုံးခေတ္တရပ်နားချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အဆောက်အဦအတွင်းမှ ထွက်ခွာနေသူ လူအများအပြားရှိသောကြောင့် ထိခိုက်သေဆုံးသူအရေအတွက် အတန်အသင့်များပြားကြောင်း ဆင်ဟွာ သတင်းထောက်ကို ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူကြောင်း ကြေညာမှု မရှိသေးပေ။ သို့သော် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် Tehreek-e-Taliban Pakistan(TTP)က အဆိုပါ တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပါကစ္စတန်လုံခြုံရေးဌာန သတင်းအရင်းအမြစ်က ဆင်ဟွာ သတင်းထောက်ကို ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် အာဖဂန်နစ္စတန်ပြည်တွင်း၌ ခိုအောင်း၍ တိုက်ခိုက်မှုအား စီစဉ်ရေးဆွဲခြင်းဖြစ်သည်ဟုလည်း အဆိုပါသတင်းအရင်းအမြစ်က ပြစ်တင်ပြောကြားခဲ့သည်။ ထို့ပြင် ပါကစ္စတန်စစ်တပ် ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ စစ်တပ်သည် Tehreek-e-Taliban Pakistan(TTP)၏ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် South Waziristan ဒေသရှိ စစ်တက္ကသိုလ်အား ဦးတည်သည့် တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်သူသည် ဗုံးအပြည့်တင်ဆောင်ထားသောကားဖြင့် စစ်တက္ကသိုလ် တံခါးမကြီးအား တိုက်ဝင်ခဲ့ကြောင်း၊ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တုံ့ပြန်ခဲ့ရာ လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦးသည် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် အခြားသူ ၃ ဦးအား အစွမ်းကုန်ရှာဖွေ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua)