ထရမ့်နှင့် ဆီးရီးယားအာဏာပိုင်အကြီးအကဲ တံခါးပိတ် တွေ့ဆုံဆွေးနွေး
12 Nov
အမေရိကန်သမ္မတ ထရမ့် နှင့် ဆီးရီးယားအာဏာပိုင်အကြီးအကဲ al-Sharaa တို့သည် အိမ်ဖြူတော်၌ နိုဝင်ဘာလ ၁၀ ရက်တွင် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ နိုင်ငံခြားခေါင်းဆောင်များ ပုံမှန် ဧည့်ခံပွဲများနှင့်မတူဘဲ ထရမ့် သည် အိမ်ဖြူတော်ဝင်ပေါက်တံခါးဝတွင် ဆီးကြိုခြင်းမပြုခဲ့သလို al-Sharaa သည်လည်း နိုင်ငံတော်အလံ တန်ဆာဆင်ထားသော မော်တော်ယာဉ်စီးလာခြင်းမရှိဘဲ ဘေးတံခါးပေါက်မှ အိမ်ဖြူတော်သို့ သိုသိုသိပ်သိပ်ဝင်သွားခဲ့သည်။ ဘဲဥပုံရုံးခန်း၌ တံခါးပိတ်တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ နှစ်ဦး လုံးသည် မီဒီယာများအား မေးမြန်းခွင့်နှင့် ဓာတ်ပုံရိုက်ကူးခွင့် မပြုခဲ့ပေ။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ထရမ့် က al-Sharaa သည် အားကောင်းတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ချီးမွမ်းခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၌ရှိသော ဆီးရီးယားနိုင်ငံအား အောင်မြင်မှုရရှိရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံ စီပွားရေးနှင့် ပြည်ပဆက်ဆံရေး ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီရန် ဆီဇာဥပဒေ မူကြမ်း(Caesar Act)အရ ဆီးရီးယားအပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ယာယီရပ်တန့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ကြေညာခဲ့သည်။ ယခုနှစ်မေလတွင် ထရမ့် ထုတ်ပြန်ခဲ့သော ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပေးသည့် အမိန့်ကြေညာစာကို ရက် ၁၈၀ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အဆိုပါနေ့တွင် ကြေညာခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်၏ အဓိကစိုးရိမ်မှုဖြစ်ပြီး ဆီးရီးယား အာဏာပိုင်သည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်၍ IS အဖွဲ့ကို တိုက်ဖျက်ရန် သဘောတူညီခဲ့သည်။ ဆီးရီးယားသည် လတ်တလောတွင် IS အဖွဲ့ကို တိုက်ဖျက်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် ဒေသ တည်ငြိမ်မှုထိန်းသိမ်းရေးတွင် ဆီးရီးယား၏ မိတ်ဖက်အနေအထားကို အတည်ပြုခဲ့ကြောင်း ဆီးရီးယားအာဏာပိုင် ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ခံ Hamza al-Mustafa က နိုဝင်ဘာလ ၁၀ ရက်တွင် လူမှုကွန်ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မကြာသေးမီရက်က ဆီးရီးယားအာဏာပိုင်သည် ဆီးရီးယားနေရာအများအပြားတွင် IS အဖွဲ့ တိုက်ဖျက်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီး သံသယရှိသူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း မီဒီယာများ၏ သတင်း ဖော်ပြမှုအရ သိရသည်။ အမေရိကန်နိုင်ငံက တွန်းအားပေးဆောင်ရွက်သော ဆီးရီးယားနှင့် အစ္စရေး လုံခြုံရေးဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ al-Sharaa က အစ္စရေးအနေဖြင့် အာဆတ်အစိုးရ ကျဆုံးပြီးနောက် သိမ်းပိုက်ထားသော ဆီးရီးယားနယ်မြေများကို မဖြစ်မနေပြန်လည်ပေးအပ်ရမည်ဟု နိုဝင်ဘာလ ၁၀ ရက်နှောင်းပိုင်းတွင် The Washington Post ၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်သည် ဆီးရီးယားကို ရေရှည်ပိတ်ဆို့အရေးယူခဲ့သည်။ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် အမေရိကန်၊ အီးယူ စသည်တို့သည် ဆီးရီးယားအား ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ဖော်ဆောင်ခဲ့သည်။ အမေရိကန်က ၂၀၁၉ ခုနှစ်တွင် ဆီဇာဥပဒေမူကြမ်း တင်သွင်းခဲ့ပြီး ဆီးရီးယားစီးပွားရေး ပိတ်ဆို့မှုကို ပိုမိုအားကောင်းစေခဲ့သည်။ သက်ဆိုင်ရာ ပိတ်ဆို့အရေးယူများသည် ဆီးရီးယားနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူထုဘဝအပေါ် ပြင်းထန်သောဖျက်ဆီးမှု ဖြစ်စေခဲ့သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ဆီးရီးယား နိုင်ငံရေးအခြေအနေ ရုတ်တရက်ပြောင်းလဲခဲ့ရာ အာဆတ်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဆီးရီးယားသည် ပိတ်ဆို့ အရေးယူများ ဖယ်ရှားပေးရန် အမေရိကန်အား ကြိမ်ဖန်များစွာတောင်းဆိုခဲ့သည်။ (Repost from Xinhua)