“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မိန့်ခွန်းကို တည်းဖြတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ဘီဘီစီအကြီးအကဲနှစ်ဦး ရာထူးမှ နုတ်ထွက်”
12 Nov
မှတ်တမ်းရုပ်သံတစ်ခုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းတစ်ခုကို ကြည့်ရှုသူများ အထင်လွဲ အောင် တည်းဖြတ်ခဲ့သည့်အတွက် ဗြိတိန်၏အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန ဘီဘီစီ၏ ညွှန်ကြားရေးမှူးချုပ် တင်ဒေးဗီနှင့် သတင်းဌာန စီအီးအို ဒယ်ဘရာတားနက်စ် တို့ ရာထူးမှနုတ်ထွက်ခဲ့ကြောင်း အဆိုပါရုပ်သံက ကြေညာ ခဲ့သည်။ ဘီဘီစီဥက္ကဋ္ဌ ဆမီယာရှားက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၀ ရက်က တောင်းပန်ခဲ့သည်။ ဘီဘီစီ၏ညွှန်ကြားရေးမှူးချုပ်သည် အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဘီဘီစီသည် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်ခင် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင်တွင် မစ္စတာထရမ့် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှအပိုင်းနှစ်ပိုင်းကို တစ်ဆက်တည်းဖြစ်အောင် တည်းဖြတ် ထားပြီး ကြည့်ရှုသူများကို အထင်လွဲမှားစေခဲ့သည်ဟု အရိပ်အမြွက်ဖော်ပြထားသည့် ဆောင်းပါးကို ဗြိတိန် သတင်းစာတယ်လီဂရပ်ဖ်က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါမှတ်တမ်းရုပ်သံသည် ကပ်ပီတိုဟေးလ်တွင် ဖြစ်ခဲ့သည့် အဓိကရုဏ်းကို မစ္စတာထရမ့်က အားပေး လှုံ့ဆော်ခဲ့ပုံပေါက်စေခဲ့သည်ဟု တယ်လီဂရပ်ဖ်တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ဝါရှင်တန် ၌ "ကျွန်တော် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထရမ့်က ကပ်ပီတိုးလ်ကို ချီတက်သွားကြမယ်။ ကျွန်တော်တို့ရဲ့ သတ္တိရှိတဲ့ အောက်လွှတ်တော်နဲ့အထက်လွှတ်တော်က အမျိုးသမီး၊ အမျိုးသား အမတ်တွေကို အားပေးကြမယ်" ဟု ဖော်ပြခဲ့သည့်အပေါ် ဘီဘီစီ၏မှတ်တမ်းရုပ်ရှင်တွင် “ကျွန်တော်တို့ ကပ်ပီတိုးလ်ကို ချီတက်ကြမယ်။ အဲဒီမှာ ခင်ဗျား တို့နဲ့အတူ ကျွန်တော်ရှိမယ်။ ပြီးရင်တိုက်ပွဲဝင်ကြမယ်။ အစွမ်းကုန်တိုက်ပွဲဝင်ကြမယ်" ဟုဆိုသည့် အဓိပ္ပာယ်မျိုး ဖြစ်အောင် တည်းဖြတ်ထားသည်ဟု တယ်လီဂရပ်ဖ်တွင် ဖော်ပြထားသည်။ တယ်လီဂရပ်ဖ်တွင် ဖော်ပြခဲ့သည့် အဆိုပါဆောင်းပါးကြောင့် ဗြိတိန်တွင် ဘီဘီစီကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ဘီဘီစီ၏ ညွှန်ကြားရေးမှူးချုပ် တင်ဒေးဗီ က အမှားအယွင်းအချို့ရှိခဲ့သည့်အတွက် မိမိတာဝန်ယူရမည်ဟု ပြောကြားခဲ့သည်။ မစ္စတာ ထရမ့် က ဘီဘီစီ၏ ထိပ်တန်းအကြီးအကဲ နှစ်ဦးကို သမ္မတရွေးကောက်ပွဲ၏ တရားမျှတမှုကို ယိမ်းယိုင်စေရန် ကြိုးပမ်းခဲ့သည့် မရိုးသားသူတွေအဖြစ် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။