“ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်”
12 Nov
သီလဝါအထူးစီးပွားရေးဇုန်မှာ ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေးနှင့် ပြည်ပပို့ကုန် မြင့်တက်အောင် ဆောင်ရွက်ခြင်းနဲ့ နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က နိုဝင်ဘာလ ၁၀ ရက်က ကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ဒုတိယအကြိမ်အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများကို မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ဒေါက်တာကံဇော်က ပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းဝေးမှာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)