“မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်မည်”
12 Nov
မြန်မာနိုင်ငံမှ ထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ကနဦးအနေနဲ့ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် တရုတ်ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးခန့် တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် နိုင်ငံအဆင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။ လာမည့် ၂၀၂၇ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့ရောင်းချနိုင်သည်အထိ ဈေးကွက် ဖော်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာ ပြည်တွင်းဈေးကွက်ကိုသာ အဓိကအားထားရောင်းချနေရကြောင်း သိရပါတယ်။ (NVS 004)