အထိုင်များခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ
11 Nov
ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ကျန်းမာရေးကဏ္ဍကနေ အထိုင်များခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အချိန်အကြာကြီး ထိုင်ခြင်းက ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေကြောင်း တွေ့ရှိရပါတယ်။ အချိန်အကြာကြီးထိုင်သူတွေရဲ့ ဦးနှောက်ဟာ အယ်ဇိုင်းမားရောဂါရှိသူတွေနဲ့ တူလာပါတယ်။ မှတ်ဉာဏ်တွေ လျော့နည်းလာတတ်ပါတယ်။ အချိန်ကြာ မြင့်စွာထိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရော မြင့်မားခြင်းတို့လို အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကိုသက်သာအောင်လုပ်ဖို့က တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှား နေဖို့လိုပါတယ်။ အထိုင်များတဲ့သူတွေက ဆီးချိုရောဂါဖြစ်နိုင်ချေတွေ မြင့်တက်လာစေပါတယ်။ တစ်နေကုန် ထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်က သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ကို လောင်ကျွမ်းစေတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်အပေါ် တုန့်ပြန်မှုပြောင်းလဲမှုဖြစ်နိုင်ကြောင်း ဆရာဝန်တွေက ယူဆကြပါတယ်။ ဒီအချက်ဟာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အထိုင်များတဲ့ သူတွေဟာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ လေ့လာချက်အရ ထိုင်တဲ့သူတွေက မတ်တပ်ရပ်တဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများကြောင်း လေ့လာ တွေ့ရှိခဲ့ကြပါတယ်။ အချိန်ကြာကြာထိုင်နေမယ်ဆိုရင် Deep Vein Thrombosis(DVT)လို့ခေါ်တဲ့ ခြေထောက်ပိုင်းမှာ သွေးခဲတွေ ဖြစ်ပေါ်တတ်ပါတယ်။ သွေးခဲတွေက သင့်ရဲ့ အဆုတ်ကို ရောက်ရှိပြီး ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သတိပြုမိပေမဲ့ အချို့လူတွေမှာ ရောဂါလက္ခဏာမပြတဲ့အတွက် အန္တရာယ်ရှိပါတယ်။ အဲ့ဒါကြောင့် အကြာကြီးထိုင်နေရတဲ့ အလုပ်မျိုး တွေကို ရှောင်သင့်ပါတယ်။ သွေးပြန်ကြော ထုံးခြင်းလည်း ဖြစ်စေပါတယ်။ အချိန်ကြာကြာထိုင်ခြင်းက သင့်ရဲ့ခြေထောက်ပိုင်းက သွေးပြန်ကြောမှာ သွေးစုပြီး သွေးပြန်ကြောပေါ်မှာ ဖိအားသက်ရောက်စေပါတယ်။ သွေးပြန်ကြော ထုံးတာကို ဖြစ်စေပါတယ်။ ပင့်ကူမျှင်လို သွေးကြောထုံးတွေ ဖြစ်လာပြီး နာကျင်မှုရှိနိုင်ပါတယ်။ ကင်ဆာအန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ အူမကြီးနဲ့ အဆုတ်ကင်ဆာ အန္တရာယ်ရနိုင်ပါတယ်။ ထိုင်ချိန်များလေ အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။ လှုပ်ရှားမှုက သက်သာနိုင်စေပေမဲ့ အချိန် ဘယ်လောက်ထိုင်ခဲ့သလဲဆိုတဲ့ အချက်က အန္တရာယ်သက်ရောက်မှုကို လွှမ်းမိုးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် တက်ခြင်း သို့မဟုတ် အဝလွန်ခြင်း ဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။ အချိန်အကြာကြီး ထိုင်ခြင်းက သင့်ရဲ့ကျောရိုးကြွက်သား၊ လည်ပင်းနဲ့ ကျောရိုးမကြီးကို ပြင်းထန်တဲ့ ဒဏ်ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် သက်တောင့်သက်သာရှိစေမဲ့ ကုလားထိုင်မျိုးကို သုံးသင့်ပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာထိုင်ခြင်းက ကျောရိုးကို ဒဏ်ဖြစ်တဲ့အတွက် နာရီဝက်ကြာတိုင်း တစ်မိနစ် နှစ်မိနစ် လောက် လှုပ်ရှားပေးပါ။ အကြာကြီးတောက်လျှောက် ထိုင်နေမယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်ပြီး အချိန်စော၍ သေဆုံး နိုင်ခြေပိုများပါတယ်။ လှုပ်ရှားမှုနည်းလွန်းပြီး အထိုင်များတယ် ဆိုရင်တော့ နေ့စဉ်နေ့တိုင်း ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သက်တမ်းစေ့နေနိုင်ကာ ရောဂါဘယဘေးမှ ကင်းဝေးကာ ပျော်ရွှင်တဲ့လူမှုဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။(NVS 003)