ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဒုဋ္ဌဝတီတံတားကို အသစ်ပြန်လည်တည်ဆောက်နေ
11 Nov
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၅၈/၁ ရှိ ဒုဋ္ဌဝတီတံတားအားအသစ် ပြန်လည်တည်ဆောက်လျက်ရှိရာ အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က နိုဝင်ဘာလ ၉ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီးနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများ အပိုင်းလိုက်ပြီးစီးရေး တွန်းအားပေးဆောင်ရွက် ရန်၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သောဒီဇိုင်းဖြင့် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် မိုင်တိုင် ၃၆၀/၀ ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မြစ်ဆွတ်ချောင်းတံတားအား ပင်မ တံတားနှင့် ချဉ်းကပ်လမ်းများ ပြုပြင်နေမှု၊ မိုင်တိုင် ၃၆၆/၃ မှ ၃၆၁/၃ အထိ ကတ္တရာကွန်ကရစ်ခင်းပြီးနေမှု၊ မိုင်တိုင် ၃၆၁/၄ တွင် ကတ္တရာကွန်ကရစ်ခင်းနေမှု၊ လမ်းမြေသားအမာခံရရှိရေး စက်ယန္တရားများဖြင့် ခင်းကြိတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ထို့ပြင် ရန်ကုန်-မန္တလေး (လမ်းဟောင်း) ၏ (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိုင်တိုင် ၃၅၅/၀ ရှိ ရန်ကုန်မှ မန္တလေးသို့သွားသည့် အသွားလမ်းဘက်ခြမ်းတွင် ငလျင်ဒဏ်ကြောင့် တံတားတိုင်များပြိုကျ၍ ကြမ်းခင်းနှင့် ရက်မများ နိမ့်ကျပျက်စီးနေသည့် ယုဇနတံတားအား ပြန်လည်တည်ဆောက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 004)