ပြည်တွင်း၌ရောင်းချနေသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၅ မျိုး အသိပေးထုတ်ပြန်
09 Nov
ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၅ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း ၅ မျိုးမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိကြောင်းနှင့် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါတယ်။ အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေနဲ့ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့် ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများအား ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)