ပြည်မြို့နယ်အတွင်းရှိ လုပ်ကိုင်ခြင်းမရှိသော စိုက်ပျိုးမြေများအား ပြန်လည်သိမ်းယူ
09 Nov
လုပ်ငန်းများ အကောင်အထည်ဖော်လုပ်ကိုင်ခြင်းမရှိသော စိုက်ပျိုးမြေများအား လုပ်ပိုင်ခွင့်ရုပ်သိမ်းပြီး ပြန်လည်သိမ်းယူလိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့ရှိ မြေဧရိယာ ၃,၀၈၇ ဒသမ ၉၁ ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်အား စိုက်ပျိုးလုပ်ကိုင်လိုသူ တောင်သူများသို့ သီဟိုဠ်သရက်စိုက်ပျိုးရန် ၁၉၉၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်တွင် လုပ်ကွက်များကို ချထားပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကွင်းဆင်းစစ်ဆေးချက်အရ တောင်သူ ၁၅၇ ဦး၏ ၁,၅၆၅ ဒသမ ၀၇ ဧကမှာ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အကောင်အထည်ဖော်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေဧရိယာ ၁,၅၆၅ ဒသမ ၀၇ ဧကကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ လာရောက်လုပ်ကိုင်ခြင်းမရှိပါက ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၆ ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိသည့်အတွက် ၎င်းမြေများအား ပြန်လည် သိမ်းဆည်းခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)တို့ကို ပယ်ဖျက်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းပဒေတို့နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြေညာခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ကိုင်ဆောင်ရွက်ခွင့် ချထားပေးခဲ့သည့် လုပ်ကွက်များတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်)ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)နှင့် (၂)တို့အရ သိမ်းယူပြီးဖြစ်ကြောင်းနှင့် မည်သည့်အသနားခံစာကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ ၎င်းမြေပေါ်ရှိ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်အရပ်ရပ်တို့ကိုလည်း ပယ်ဖျက်ပြီး ဖြစ်ကြောင်း အသိပေးကြော်ငြာချက်အရ သိရပါတယ်။(NVS 004)