တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်

09 Nov

မကြာမီဖွင့်လှစ်မည်ဖြစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ‌ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲများပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်မှာဖြစ်ပါတယ်။ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၃၀ နာရီအတွင်း ကြိုတင်ဆန္ဒမဲများ ပေးရမှာဖြစ်ပါတယ်။ မဲပေးရာတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားရှိပါတယ်။(NVS 004)

09 Nov

ADVERTISE HERE .