အမေရိကန်နှင့် တောင်ကိုရီးယား လုံခြုံရေးဆွေးနွေးပွဲ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဝေဖန်
09 Nov
အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နှစ်နိုင်ငံလုံခြုံရေးဆွေးနွေးပွဲများကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုဝန်ချိုလ် က ဝေဖန်ပြောကြားခဲ့သည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောတစ်စီး ရောက်ရှိနေမှုကိုလည်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဝေဖန်ခဲ့ပြီး အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ လုပ်ရပ်များကို ထိထိရောက်ရောက် တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် မြောက်ကိုရီးယားကို စစ်ရေးအရဖိအားပေးရန် ပူးပေါင်းကြံစည်နေကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဒ်ဆက် လာရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုဝန်ချိုလ် ၏တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တောင်ကိုရီးယား ခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဒ်ဆက် သည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျုံငြိမ်းချမ်းရေးကျေးရွာသို့ သွားရောက်ခဲ့ပြီး တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးနှင့်လည်း လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အလားတူ အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောသည်လည်း ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။