“တရုတ်နိုင်ငံက တတိယမြောက်လေယာဉ်တင်သင်္ဘောကို တပ်တော်ဝင်ခဲ့”
08 Nov
တရုတ်နိုင်ငံက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)အတွက် တတိယမြောက် လေယာဉ် တင်သင်္ဘောဖြစ်သည့် ဖူကျန့်ကို တပ်တော်သွင်းလိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာလ ၇ ရက် တွင်ဖော်ပြထားသည်။ ဟိုင်နန်ပြည်နယ်၌ကျင်းပသော အဆိုပါလေယာဉ်တင်သင်္ဘော တပ်တော်ဝင်အခမ်းအနား သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်တက်ရောက်ကြောင်း၊ အခမ်းအနားပြီးနောက် ရှီကျင့်ဖျင်အနေဖြင့် လေယာဉ်တင် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုကြောင်းနှင့် လေယာဉ်တင်သင်္ဘော၏ စွမ်းဆောင်ရည်များကို လေ့လာခဲ့ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ တရုတ်ရေတပ်အနေဖြင့် ဖူကျန့်၏ရှေ့တွင် အခြားလေယာဉ်တင်သင်္ဘောနှစ်စင်းကို တပ်တော်ဝင်အသုံးပြု ထားသော်လည်း ယခုတပ်တော်ဝင်သည့် ဖူကျန့်က လျှပ်စစ်သံလိုက်စွမ်းအင်အသုံးပြု လေယာဉ်လွှတ်တင်စနစ်ကို ပထမဆုံးသုံးထားသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။ အဆိုပါ လျှပ်စစ်သံလိုက်စွမ်းအင်အသုံးပြုလေယာဉ် လွှတ်တင်စနစ်ကြောင့် လေယာဉ်တင်သင်္ဘောအနေဖြင့် အမျိုးမျိုးသောလေယာဉ်များကို တင်ဆောင်နိုင်မည်ဖြစ် သည့်အပြင် ထိုလေယာဉ်များကို လေထဲသို့ တိကျသည့်အရှိန်ဖြင့် လွှတ်တင်နိုင်မည်ဖြစ်သည့်အတွက် ပင်လယ်ရေပြင် စိုးမိုးမှုကို ပိုမိုအကောင်အထည်ဖော်နိုင်စေမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။