“စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေသည့်ဥပဒေကို ပြန်လည်သုံးသပ်ရန် ဝန်ကြီးချုပ် တာကာအိ ချီဆာနဲက ပြောကြား”
08 Nov
လျင်မြန်သော အပြောင်းအလဲများဖြစ်နေသည့် နိုင်ငံတကာအခြေအနေကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံ၏ စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေရန် ရည်ရွယ်သည့် ဥပဒေကို ပြန်လည်သုံးသပ်ရန် ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနဲက ပြောကြားခဲ့သည်။ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးကို အစိုးရက နိုဝင်ဘာလ ၇ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ နိုင်ငံတကာအခြေအနေများသည် မကြုံစဖူး လျင်မြန်သည့် အရှိန်၊ ရှုပ်ထွေးမှုများနှင့်ပြောင်းလဲလျက်ရှိကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှစကာ ဂျပန်နိုင်ငံသည် ကြမ်းတမ်း ရှုပ်ထွေးသည့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ဝန်းရံခံနေရကြောင်း တာကာအိချီ က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစိုးရသည် ပြဿနာအသစ်များကို လျင်မြန်ခိုင်မာသည့်နည်းလမ်းများနှင့် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ အဓိကအရေးပါသည့် ဓာတ်သတ္တုကဲ့သို့သော ကုန်ပစ္စည်းများရရှိနိုင်ရန် ကုန်စည်ဖြန့်ဖြူး ရေးကွင်းဆက်များ အားကောင်းရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်က လွန်ခဲ့သည့်သုံးနှစ်က ပြဋ္ဌာန်းခဲ့သည့် စီးပွားရေးဆိုင်ရာလုံခြုံရေးမြှင့်တင်ရေးဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် စတင်ဆွေးနွေးရန် စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီး အိုနိုဒါကီမီကို ကို ညွှန်ကြားခဲ့သည်။ ရည်မှန်းချက်အောင်မြင်ရန် ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေးအပါအဝင် စနစ် တစ်ခုတည်ထောင်ရန်နှင့် အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း အိုနိုဒါနှင့်ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။ စီးပွားရေးဆိုင်ရာလုံခြုံမှုရှိစေမည့် စီမံကိန်းများကို အစိုးရကပံ့ပိုးကူညီပေးသွားမည်ဟု မျှော်လင့် ရကြောင်း အဆိုပါစီမံကိန်းများတွင် ပင်လယ်ရေအောက်ဆက်သွယ်ရေးကေဘဲလ်လိုင်းများ ပါဝင်ကောင်း ပါဝင်နိုင် ကြောင်း ဝန်ကြီးချုပ်က ပြောသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။