“အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ကျောင်း ၃၂ ကျောင်းမှ ဝင်ခွင့်ခေါ်ယူ”
08 Nov
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၃၂ ကျောင်းမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းလျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ သိရပါတယ်။ အင်ဂျင်နီယာပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားသော်လည်း အမှတ်မမီသော ကျောင်းသား၊ ကျောင်းသူ များတက်ရောက်သင့်ပြီး A.G.T.I မှာထူးချွန်စွာအောင်မြင်သူများက B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူး တက်ရောက်နိုင်သည့် အခွင့်အရေးရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတွင်ရှိသော A.G.T.I ကျောင်း ၃၂ ကျောင်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ တီးတိန်၊ မော်လမြိုင်၊ တောင်ကြီး၊ အင်းစိန်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်၊ နေပြည်တော်နှင့် ဂျပန်- မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (Japan – Myanmar Aung San Vocational Training Institute) တို့ဖြစ်ပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထား နိုင်တယ်လို့ သိရပါပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မယ်လို့ သိရပါတယ်။ သင်တန်းကာလမှာ ၃ နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ်ပေးအပ်မည်ဖြစ်ပြီး A.G.T.I ၃ နှစ်သင်တန်းများမှာ သတ်မှတ်အရည်အချင်းပြည့်မီပါက B.Tech နှင့် BE သင်တန်းများသို့ ပေါင်းကူးတက်ရောက် နိုင်ရေးလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ လျှောက်ထားရမည့်ပုံစံမှာ ဝင်ခွင့်လျှောက်လွှာများကို မိမိတက်ရောက် လိုသော အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ နိုဝင်ဘာ ၁ မှစ၍ ၂၀ ရက်နေ့အထိ ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 004)