“သယ်ယူပို့ဆောင်ရေးလေယာဉ်/ရဟတ်ယာဉ်များတပ်တော်ဝင် အခမ်းအနားများကျင်းပ”
08 Nov
တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်းမှာကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။ အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာအတွင်း တပ်မတော်ပိုင် လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများကို (၁၅) ကြိမ်ကျင်းပ ခဲ့မှုအခမ်းအနား ရှိပြီးသားလေယာဉ်/ရဟတ်ယာဉ်များကို စွမ်းရည်ပိုမိုတိုးတက်ကောင်းမွန်စေရန် အဆင့်မြှင့်တင် ပေးနိုင်ခဲ့မှု၊ လေယာဉ်/ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ပေးခဲ့၍ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်ခြင်းကို အထောက်အကူပြုပြီး မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးပိုမိုခိုင်မာကောင်းမွန်မှုတို့ကိုပြောကြားခဲ့ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များက နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြုစွမ်းဆောင်ပေးနိုင်၍ တပ်တော်ဝင်တဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များက ယင်းလုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင်မြင်စွာ ထမ်းဆောင်ရန် စွမ်းဆောင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်၊ ကင်းထောက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များက သရုပ်ပြအုပ်စုဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် စွမ်းရည်ဆိုင်ရာပြသခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တက်ရောက်လာကြသူများက တပ်တော်ဝင်လေယာဉ်/ ရဟတ်ယာဉ် များ၊ တပ်မတော်(လေ)၏ ၁၅ နှစ်တာကာလတိုးတက်ပြောင်းလဲမှုပြခန်းအတွင်း ခင်းကျင်းပြသထားတဲ့ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများကို ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)