“(၁၇) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများအစည်းအဝေး ကျင်းပပြုလုပ်”
08 Nov
(၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အစည်းအဝေးသဘာပတိအဖြစ် ဦးဆောင် ကျင်းပခဲ့ပြီး CLMV နိုင်ငံများကို ၂၀၃၀ မှာ စီးပွားရေးအလယ်အလတ်အဆင့်ရောက်ရှိစေရန် မူဘောင် အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ်တွင် CLMV နိုင်ငံများ၏ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၈၈၃ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိ ခဲ့ပြီး၊ အာဆီယံစုစုပေါင်းကုန်သွယ်မှု၏ ၂၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CLMV နိုင်ငံများ ၏ ရင်းနှီးမြှုပ်နှံမှု ၃ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးကို ရည်ရွယ်တဲ့ CLMV လုပ်ငန်းအစီအစဉ်အရ လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုများက စီးပွားရေးတိုးတက်မှုနှင့် စွမ်းဆောင် ရည်မြှင့်တင်မှများအတွက် အထောက်အပံ့ဖြစ်စေကြောင်း၊ ၂၀၃၀ ပြည့်နှစ်မှာ စီးပွားရေးအလယ်အလတ်အဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားတဲ့ CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေး နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ CLMV နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချိတ်ဆက်မှု တိုးတက်ကောင်းမွန်စေရန် ပူးပေါင်း ကျင်းပတဲ့ ကုန်စည်ပြပွဲများ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး၊ ထိုကုန်စည်ပြပွဲများမှတစ်ဆင့် ဒေသတွင်း စီးပွားရေးမိတ်ဖက်ဆက်ဆံရေးများနှင့် စျေးကွက်အခွင့်အလမ်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများ အကြား ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် CLMV နိုင်ငံများကို စီးပွားရေးအလယ်အလတ်ရှိသောအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားတဲ့ CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်အတွက် ပေါင်းစပ်ညှိနှိုင်းရေး နည်းလမ်းများနှင့် လမ်းညွှန်ချက်များကို ဆွေးနွေး၍ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ CLMV စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘာပတိတာဝန်ကို ဗီယက်နမ် နိုင်ငံသို့ လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိများ စုစုပေါင်း ကိုယ်စားလှယ် ၅၀ ဦးတက်ရောက်ခဲ့ပါတယ်။ (NVS 004)