“၂၀၂၅ ခုနှစ် ၈ လတာကာလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၂၆,၅၂၆ ဦးကို ကုသပေးနိုင်ခဲ့”

08 Nov

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ငှက်ဖျားရောဂါထိန်းချုပ်ရေး၊ ကူးစက်မှု ပပျောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်တဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ၏ တိုးတက်မှုကို ထိခိုက်စေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း က ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများကိုဆန်းစစ်ခြင်း ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ငှက်ဖျားရောဂါဖြစ်ပွားတဲ့ လူနာ ၁၂၆,၅၂၆ ကို ကုသပေးနိုင် ခဲ့ကြောင်းလည်း သိရပါတယ်။ ငှက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရူလေ့လာခြင်းနှင့် ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းသွားလာသူများအကြား ငှက်ဖျားရောဂါ စစ်ဆေးကုသမှု များကို သေချာ‌ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါက်တာအေးထွန်း က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု အရေအတွက် ၈၈ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပြီး ‌သေဆုံးမှုမှာ ၉၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန်လည်း လုပ်ဆောင်နေပြီး အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) ကိုလည်း ပြင်ဆင်နေကြောင်း သိရပါတယ်။ (NVS 004)

08 Nov

ADVERTISE HERE .