“အိမ်ရာ ၄ ခုမှာ အခန်းဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးမည်”
08 Nov
သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း(၃)၊ ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)နှင့် ရိုးမရိပ်သာအိမ်ရာတို့ရှိ အခန်းများကို ချေးငွေနဲ့ဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရပါတယ်။ အဆိုပါအခန်းများကို အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ ဇွန်လ ၂၇ ရက်က ရောင်းချခဲ့ခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူများက ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank မှာ ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ယာယီနေထိုင်ခွင့်အကြောင်းကြားစာများကို နိုဝင်ဘာလ ၆ ရက်မှ ၁၃ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)မှာ ဆောင်ရွက်ပေးလျက်ရှိ၍ ထုတ်ယူမည့်သူများအနေနဲ့ ကိုယ်တိုင်ထုတ်ယူပါက မှတ်ပုံတင် မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ကိုတင်ပြထုတ်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းကို သီလဝါဥယျာဉ်အိမ်ရာ၏ အခန်း ၅၆ ခန်းအတွက် နိုဝင်ဘာလ ၁၇ ရက်၊ ယုဇနအိမ်ရာအပိုင်း(၃)၏ အခန်း ၃၄ ခန်းအတွက် နိုဝင်ဘာလ ၁၈ ရက်၊ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) ၏ အခန်း ၅၀ အတွက် နိုဝင်ဘာလ ၁၉ ရက်၊ ရိုးမရိပ်သာအိမ်ရာ၏ အခန်း ၇၈ ခန်းအတွက် နိုဝင်ဘာလ ၂၀ ရက်တို့မှာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ အိမ်ရာများ၌ ယာယီနေထိုင်ခွင့် အကြောင်းကြားစာမူရင်းနှင့်အတူ လာရောက်လက်ခံရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)