“အခုရာသီ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ဖြစ်လာတဲ့ အိုဆီမန်”
07 Nov
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်က ကစားခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ်ရခဲ့တဲ့ တိုက်စစ်မှူး အိုဆီမန် ဟာ အခုရာသီ ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းရဲ့ ချန်ပီယံလိဂ်နောက်ဆုံး ပွဲစဉ် ၃ ပွဲစလုံးမှာ ဂိုးသွင်းယူထားနိုင်တဲ့ အိုဆီမန် က ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုးအထိ ရှိလာပြီး ၅ ဂိုးစီသွင်းယူထားတဲ့ ဟယ်ရီကိန်း၊ အမ်ဘာပေနဲ့ ဟာလန်း တို့ကိုကျော် ဖြတ်ပြီး ထိပ်ဆုံးမှာရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းဟာ အခုနွေရာသီမှာ တူကီယဲလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင် အိုဆီမန် ဟာ အေဂျက်ဇ်အသင်းနဲ့ ပွဲမှာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ဟက်ထရစ်ကို ရဖို့အတွက် မိနစ် ၂၀ လောက်သာ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ဆာနေး ရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့သလို ၆၆ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ နောက်ထပ် ၂ ဂိုးထပ်သွင်းပြီး အိုဆီမန် က ဟက်ထရစ်ရခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်လို အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့သလို ပထမဆုံးချန်ပီယံလိဂ် ဟက်ထရစ် ကို ရခဲ့လို့ ပျော်ရွှင်ရပါတယ်လို့ အိုဆီမန် က ပွဲအပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ အိုဆီမန် ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ချန်ပီယံလိဂ်နောက်ဆုံး ၃ ပွဲဆက်အနိုင်ရထားတဲ့ ဂါလာတာစာရေးအသင်းက ရမှတ် ၉ မှတ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)