“နျူကလီးယားလက်နက်များစမ်းသပ်ရေးအတွက် အဆိုပြုချက်များတင်ပြရန် ရုရှားသမ္မတပူတင်ညွှန်ကြား”

07 Nov

နျူကလီးယားလက်နက်များ စမ်းသပ်နိုင်ရေးအတွက် အဆိုပြုချက်မူကြမ်းများ ရေးဆွဲတင်ပြရန် ရုရှားသမ္မတ ပူတင် က သက်ဆိုင်ရာဌာနများကို နိုဝင်ဘာလ ၅ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။ နျူကလီးယားလက်နက်များ စမ်းသပ်ရေးအတွက် လိုအပ်သည့် အချက်အလက်ကို ဆန်းစစ်၍ အဆိုပြုချက် မူကြမ်းများတင်သွင်းရန် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်း များကို မိမိညွှန်ကြားထားကြောင်း ရုရှားသမ္မတပူတင် က နိုင်ငံပိုင်ရုပ်သံဌာနသို့ ထုတ်ဖော်ပြောကြားထားသည်။ နျူကလီးယားလက်နက်စမ်းသပ်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကြေညာခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင် က အဆိုပါအတိုင်းညွှန်ကြားထားခြင်း ဖြစ်သည်။ ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်မှစ၍ နျူကလီးယား လက်နက်များ စမ်းသပ်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အလားတူ အမေရိကန်နိုင်ငံသည်လည်း နျူကလီးယားလက်နက်များစမ်းသပ်မှုကို ရပ်နားထားသည်မှာ နှစ်ပေါင်း ၃၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နျူကလီးယားလက်နက်စမ်းသပ်မှုများ အပြိုင်အဆိုင် ပြုလုပ်လာခဲ့ပါက ကမ္ဘာပေါ်၌ နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသော ရုရှားနှင့် အမေရိကန် နိုင်ငံတို့ကြား တင်းမာမှုများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း သိရသည်။

07 Nov

ADVERTISE HERE .