“နိုဝင်ဘာလအစ၌ပင် ပဲခူးတိုင်းသို့ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၃ ခုဝင်ရောက်”
07 Nov
ယခုလ နိုဝင်ဘာလအစ၌ပင် ပဲခူးတိုင်းဒေသကြီးသို့ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၃ ခု ဝင်ရောက်ခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်မွန်းလွဲပိုင်းကကျင်းပတဲ့ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)မှ သိရပါတယ်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းရှိ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁ ခုနှင့် ငွေကျပ် ၄,၉၃၀ သန်းရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂ ခုတို့ တိုးတက်ဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသခံ ၁,၂၈၅ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်၊ စက်ရုံများရှိ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထား စစ်ဆေးဆောင်ရွက်ရန်၊ ထိုက်သင့်သည့်လုပ် ခလစာရရှိရေးအတွက် သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ် ပေးရန်တို့ကိုပြောကြားခဲ့ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၁၄ ဒသမ ၃၂၈ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုငွေကျပ် ၂၃၄,၁၁၁ ဒသမ ၇၇၁ သန်းရှိကာ ယင်းလုပ်ငန်းများမှ ၁၅,၆၁၉ ဦးအတွက် အလုပ်အကိုင်များရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)