“(၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်းအစည်းအဝေးကျင်းပ”
07 Nov
(၄၉) ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်းအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က အခုအစည်းအဝေးကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပြီး အာဆီယံဆိပ်ကမ်းလုပ်ငန်း အသိုက်အဝန်းအတွင်း ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အတူတကွလျှောက်လှမ်းနိုင်ရေး ရည်မှန်းချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဆိပ်ကမ်းများ အာဆီယံဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ပြီး ယခုအစည်းဝေးတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကွန်ရက် ပိုမိုအားကောင်းလာစေရေး၊ ဆိပ်ကမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လက်တွေ့ကျသည့် မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်လမ်းများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားခဲ့ပါတယ်။ အာဆီယံဆိပ်ကမ်းများအသင်းကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက ၂၀၀၅ ခုနှစ်တွင် အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်အဖွဲ့ဝင် ကိုးနိုင်ငံပါဝင်ပြီး ဒေသတွင်းဆိပ်ကမ်းလုပ်ငန်း အသိုက်အဝန်းတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်နေကြောင်း သိရပါတယ်။ (NVS 004)