“မြန်မာနိုင်ငံမှာ ထောပတ်သီးစက်ရုံ တည်ဆောက်ရန် အိန္ဒိယအား ဖိတ်ခေါ်”
07 Nov
မြန်မာနိုင်ငံမှာ ထောပတ်သီးစက်ရုံအသစ် တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ ပြည်တွင်းမှာ Hass ထောပတ်သီးစိုက် ဧကပေါင်း ၂၀,၀၀၀ ခန့်ရှိပြီး နှစ်စဉ်စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း Hass ထောပတ်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက် ရှိပါတယ်။ အခုလို ထောပတ်သီးများတင်ပို့ရာမှာ Hass ထောပတ်သီးများအပြင် Buccaneer၊ 034၊ Booth 7 နှင့် အမရာ စသော ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ်ထောပတ်သီးရာသီတွင် မြန်မာနိုင်ငံမှ အေးခဲထောပတ်သီး တန် ၂၀၀ ခန့်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ နိုင်ရေးအတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အိန္ဒိယနိုင်ငံဘက်သို့ နမူနာပေးပို့ရန်၊ မြန်မာ့ထောပတ်သီး အိန္ဒိယနိုင်ငံသို့တင်ပို့ရာမှာ အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန် နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့မှာ စိုက်ပျိုးကြကြောင်း သိရပါတယ်။ (NVS 004)