ထရမ့် က အီလွန်မက်စ် ၏ မဟာမိတ်ဖြစ်သူအား နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အဆိုပြု
06 Nov
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် အမေရိကန်ဘီလျံနာနှင့် ပုဂ္ဂလိက အာကာသယာဉ်မှူး ဖြစ်သူ ဂျရတ် အိုင်ဆက်ခ်မန်း အား နာဆာအဖွဲ့အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အဆိုပြုရွေးချယ်ကြောင်း နိုဝင်ဘာလ ၄ ရက်က ကြေညာခဲ့သည်။ “ဂျရတ်ရဲ့ အာကာသနယ်ပယ်အပေါ် စိတ်အားထက်သန်မှု၊ အာကာသယာဉ်မှူး အတွေ့အကြုံနဲ့ စူးစမ်း လေ့လာရေးနယ်ပယ်တွေကို ချဲ့ထွင်ကာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ပြီး အာကာသ စီးပွားရေး နယ်ပယ်သစ်ကို ရှေ့ဆက်ဖော်ဆောင်ဖို့ စိတ်နှစ်မြှုပ်ထားမှုက ရဲရင့်တဲ့ခေတ်သစ်မှာ နာဆာအဖွဲ့ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးဖြစ်စေတယ်” ဟု ထရမ့် က ၎င်း၏ဆိုရှယ်မီဒီယာဖြစ်သော Truth Social တွင် ပြောကြား ခဲ့သည်။ ကနဦးတွင် ထရမ့် က အိုင်ဆက်ခ်မန်း အား လွန်ခဲ့သော ဒီဇင်ဘာလက အဆိုပြုခဲ့သော်လည်း ၎င်းမှာ ယခင်က ဒီမိုကရက်များအား ရန်ပုံငွေလှူဒါန်းခဲ့ခြင်း၊ SpaceX ကုမ္ပဏီအမှုဆောင်ချုပ် အီလွန်မက်စ် နှင့် နီးကပ်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် ထရမ့် က ယင်းအဆိုပြုမှုကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ အိုင်ဆက်ခ်မန်း အား အဆိုပြုထားခြင်းကို ရုပ်သိမ်းခြင်းမပြုမီ ရက်ပိုင်းအလိုတွင် အီလွန်မက်စ် မှာ အိမ်ဖြူတော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အိုင်ဆက်ခ်မန်း က ၎င်းအား လတ်တလောရွေးချယ်အဆိုပြုခြင်းကို လက်ခံခဲ့ကာ ၎င်းအနေဖြင့် လကမ္ဘာနှင့် အခြားသော မစ်ရှင်များအပါအဝင် နာဆာ၏ ခေတ်သစ်လူသားတို့၏ အာကာသစူးစမ်းလေ့လာမှုများကို ဦးဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။ ယင်းအဆိုပြုခန့်အပ်မှုအတွက် အမေရိကန်ဆီးနိတ်လွှတ်တော်၏ အတည်ပြုမှုရရှိရန် လိုအပ်ဦးမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)