ငြိမ်းချမ်းရေးလမ်းဆုံ” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်က ကိုက်ညီမှုရှိဟု အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် ဆို
06 Nov
အာမေးနီးယားနိုင်ငံက အဆိုပြု၍ တွန်းအားပေးဖော်ဆောင်လျက်ရှိသည့် “ငြိမ်းချမ်းရေးလမ်းဆုံ (Peace Crossroads)” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်သည် ကိုက်ညီမှုရှိသည်ဟု အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan က နိုဝင်ဘာလ ၄ ရက်တွင် အာမေးနီးယားနိုင်ငံ ရီရယ်ဗန်မြို့၌ ပြောကြားခဲ့သည်။ Nikol Pashinyan က နိုဝင်ဘာလ ၄ ရက်တွင် ရီရယ်ဗန်မြို့၌ ကျင်းပသည့် “Orbeli ၂၀၂၅- ငြိမ်းချမ်းရေး ဖန်တီးမှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု” ဖိုရမ်ကာလအတွင်း ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာ၌ “ငြိမ်းချမ်းရေးလမ်းဆုံ” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်သည် မတူညီသောနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ဆက်သွယ်ပေးရန် အထောက်အကူပြုပြီး ဘက်အသီးသီးက ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား အတူတကွဆွေးနွေးမှုကို မြှင့်တင်ပေးလိုက်ကြောင်း ပြောကြား ခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် အာမေးနီးယားနိုင်ငံသည် ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး ပဋိပက္ခမဟုတ်ဘဲ အပြန်အလှန်ဖြည့်ဆည်းမှုကို ရှာဖွေလျက်ရှိကြောင်း၊ “အာမေးနီးယားနိုင်ငံကို ငြိမ်းချမ်းရေးရဲ့ လမ်းဆုံအဖြစ် တည်ဆောက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။ မကြာသေးမီက Nikol Pashinyan သည် တရုတ်နိုင်ငံသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားအား တက်ရောက်ခဲ့ သည်။ ထိုကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ Nikol Pashinyan က အာမေးနီးယား နိုင်ငံနှင့် တရုတ်နိုင်ငံက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းမှာ နှစ်ဖက်ဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်သွားမှုကို အမှတ်သင်္ကေတပြနေသည်ဟု ပြောကြားခဲ့သည်။ “Orbeli ၂၀၂၅ - ငြိမ်းချမ်းရေးဖန်တီးမှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု” ဖိုရမ်ကို အာမေးနီးယားနိုင်ငံ Think Tank အဖွဲ့ Orbeli စင်တာမှ ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တွင် ကောကပ်ဆက်စ်တောင်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဒေသတွင်းနိုင်ငံများ အပြန်အလှန်ချိတ်ဆက်မှု စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာမှ အစိုးရအရာရှိနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့သည်။ ဖိုရမ်ကို နိုဝင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည်။ (Repost from Xinhua Myanmar)