အမေရိကန်က ပါတီအားပြိုင်မှုများကြား အစိုးရယန္တရားရပ်ဆိုင်းမှု အကြာရှည်ဆုံးစံချိန်တင်

06 Nov

ဒေသစံတော်ချိန် နိုဝင်ဘာလ ၅ ရက်တွင် အမေရိကန်ဖက်ဒရယ်အစိုးရ၏ အစိုးရယန္တရားရပ်ဆိုင်းမှုမှာ ၃၆ ရက်မြောက်သို့ ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့သည့် ၇ နှစ်က စံချိန်ကိုချိုးကာ အမေရိကန်သမိုင်းတွင် ဖက်ဒရယ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်တိုက်ကြာချိန် အကြာရှည်ဆုံး ဖြစ်လာခဲ့သည်။ အမေရိကန်အထက်လွှတ်တော်သည် နိုဝင်ဘာလ ၄ ရက်တွင် အစိုးရယန္တရား “ရပ်ဆိုင်းမှု” အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ယာယီအသုံးစရိတ် ဥပဒေကြမ်းအား ၁၄ ကြိမ်မြောက် မဲခွဲဆုံးဖြတ်ခဲ့ရာ အတည်ပြုရန်လိုအပ်သည့် ထောက်ခံဆန္ဒမဲ ၆၀ ရရှိခဲ့ခြင်းမရှိပေ။ ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ရပ်သည် ဆက်လက်ပြီး အပြန်အလှန်အပြစ်တင်၍ အလျှော့ပေးမည့် အရိပ်အယောင် မတွေ့ရသေးခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်မှစ၍ အမေရိကန်သည် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၁၅ ကြိမ်ဖြစ်ခဲ့ပြီးဖြစ်သည်။ ယခုမတိုင်မီ အကြာရှည်ဆုံး “ရပ်ဆိုင်း” သည့်မှတ်တမ်းမှာ ၂၀၁၈ ခုနှစ် နှစ်ကုန်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းအထိဖြစ်သော ၃၅ ရက်ကြာ ရပ်ဆိုင်းမှုဖြစ်သည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် သီတင်းပတ် ၆ ပတ်ဆက်တိုက်ဖြစ်ပါက စီးပွားရေးအရ နစ်နာဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်သည်။ စတုတ္ထသုံးလပတ်တွင် အမေရိကန်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) တစ်နှစ်တိုးတက်မှုနှုန်း မျှော်မှန်းချက်အနေဖြင့် ၁ ရာခိုင်နှုန်းပွိုင့်မှ ၂ ရာခိုင်နှုန်း ပွိုင့်အထိ လျော့နည်းသွားမည်‌ဟု အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက မကြာသေးမီက ပြောကြားခဲ့သည်။ စံချိန်တင်သည့် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန်၏ လေကြောင်းပို့ဆောင်ရေး လုံခြုံမှု၊ စားနပ်ရိက္ခာကူညီမှု စသည့် ပြည်သူ့လူနေမှုဘဝကဏ္ဍများကို ပြင်းပြင်းထန်ထန် ထိုးနှက်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန် နိုင်ငံတစ်ဝန်း၌ နေ့စဉ်လေကြောင်းခရီးစဉ် အကြိမ်ရေထောင်ချီ နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဖြစ်ပွားလာသည့်အချိန်မှစ၍ အမေရိကန်ခရီးသွားဧည့်သည်ပေါင်း ၃ ဒသမ ၂ သန်း ကျော်သည် လေကြောင်းခရီးစဉ် နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကြောင့် သက်ရောက်မှုဖြစ်ခဲ့ကြောင်း အမေရိကန်လေကြောင်းအသင်း၏ အချက်အလက်များက ဖော်ပြထားသည်။ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက် ဖြစ်ပွားပါက အမေရိကန်အနေဖြင့် ဝေဟင်ပိုင်နက်အချို့အား မဖြစ်မနေပိတ်ရနိုင်ခြေရှိကြောင်း အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Sean Duffy က သတိပေး ပြောကြားခဲ့သည်။ ချီကာဂိုမြို့ပြင် စားနပ်ရိက္ခာ ကူညီရေးဌာနတစ်ခုတွင် နိုဝင်ဘာလ ၄ ရက်က လူတန်းရှည်ကြီး တန်းစီခဲ့သည်။ စားနပ်ရိက္ခာပစ္စည်းစင်တွင် ပစ္စည်းများကုန်သွားပြီဖြစ်ရာ နိုဝင်ဘာလ ၅ ရက်မှစ၍ ခွဲဝေပေးရန် စားနပ်ရိက္ခာ ရှိတော့မည်မဟုတ်ဟု ဝန်ထမ်းများက ဆိုသည်။ အသုံးစရိတ်ကုန်သွားခြင်းကြောင့် လူပေါင်း ၄၂ သန်းခန့် ပါဝင်ထားသည့် အမေရိကန်ဖက်ဒရယ် စားနပ်ရိက္ခာ ကူညီရေးစီမံကိန်း “ဖြည့်စွက်အာဟာရ ကူညီရေးအစီအစဉ်” သည် နိုဝင်ဘာလ ၁ ရက်မှစ၍ ထောက်ပံ့ကြေး ထုတ်ဝေပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း တစ်သန်းကျော်သည် လစာမရခြင်းကြောင့် အချို့သောသူများသည် အကူအညီပေးသည့် စားနပ်ရိက္ခာအား မဖြစ်မနေတန်းစီယူနေရသည်။ အမေရိကန် Politico ဂျာနယ်က “သမိုင်းတွင် အရှည်ကြာဆုံး အစိုးရယန္တရား ရပ်ဆိုင်းမှု” ကို “အလွန်အမင်း အကျည်းတန်တဲ့ မှတ်တမ်း” ဟု တင်စားဖော်ပြထားသည်။ ဝါရှင်တန်မြို့ဒေသခံ လူနာကလည်း ပါတီနှစ်ရပ်ဆက်လက်ပြီး အားပြိုင်မှုများ လုပ်ဆောင်နေမည်ဆိုပါက “ဘာမှပြောင်းလဲလာမှာမဟုတ်ဘဲ ပြဿနာဖြေရှင်းမှုကိုပဲ ပိုမိုခက်ခဲလာစေမှာပါ” ဟု ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ အမေရိကန် Gallup အတိုင်ပင်ခံကုမ္ပဏီ၏ နောက်ဆုံးပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ ပြည်သူများက လွှတ်တော်အပေါ် ထောက်ခံအားပေးမှုနှုန်းသည် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ရသည်။ အခြားပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်တစ်ခုအရ စစ်တမ်းဖြေကြားသူပေါင်း ၆၀ ရာခိုင်နှုန်းကျော်က ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်သည် ပြည်သူများ၏ လက်တွေ့အကျိုး စီးပွားအား ဂရုစိုက်ခြင်းမရှိဟု ယူဆကြသည်။ ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း Linda Bilmes က စနစ်အလုပ်မလုပ်ခြင်းသည် ဖက်ဒရယ်အစိုးရ ယန္တရား “ရပ်ဆိုင်းမှု” ၏ အရင်းခံအကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် Brookings Institution သုတေသနဌာနမှ အဆင့်မြင့်သုတေသီ Darrell West ကမူ ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန် နိုင်ငံရေး ထူးချွန်သူများ၏ “အစွမ်းအစမဲ့မှု” ကို ထင်ဟပ်စေပြီး “အမေရိကန်က ကိုယ့်ဘာသာကိုယ် ဘယ်လိုစီမံခန့်ခွဲ ရမလဲဆိုတာ မသိဘူး” ဟူသည်ကို တစ်ကမ္ဘာလုံးက တွေ့မြင်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .