“မြန်မာနှင့် တရုတ်နိုင်ငံအထည်အလိပ်နှင့် ချည်ထည်လုပ်ငန်းရှင်များပါဝင်မည့် ကုန်စည်ပြပွဲ ကျင်းပမည်”
06 Nov
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အထည်အလိပ်နှင့် ချည်ထည်လုပ်ငန်းရှင်များပါဝင်သည့် တတိယအကြိမ် မြောက် နိုင်ငံတကာအထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Center(YCC) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ အလားအလာရှိမည့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည်ချုပ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ကုန်စည်ပြပွဲတွင် အထည်ချုပ်ကဏ္ဍအတွက် လိုအပ်သောထုတ်ကုန်နှင့် ဆက်စပ်ကုန်စည်ပစ္စည်းများကို ပြသ သွားမှာဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အထည်အလိပ်ထုတ်ကုန်ပစ္စည်းနှင့် စက်ပစ္စည်းများ၊ Local MSMES and Made in Myanmar Product များ၊ အထည်ချုပ်စက်ရုံများအတွက် Sewing Motors များ၊ အထည်အလိပ် လုပ်ငန်းသုံး Accessories & Raw Materials၊ အဝတ်အထည်သုံး Tags, Pricing Tags, Printing & Trim Accessories, Design & Pattern ထုတ်လုပ်သည့် Printing and Machinery များကို ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)