“ခွာနာလျှာနာရောဂါကင်းရှင်းဇုန် ကြေညာနိုင်ပါက နေပြည်တော်ရှိ မွေးမြူရေးထွက်ကုန် အေးခဲအသားများကို ပြည်ပသို့တင်ပို့နိုင်မည်”

06 Nov

မဲခေါင်-လန်ချန်းစီမံကိန်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် နေပြည်တော်ရှိ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် သုံးသပ်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့တရားဝင် ကျွဲ၊ နွားတင်ပို့နိုင်ရန်အတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့် ရေးစခန်း(AQS)၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန်(Disease Free Zone)၊ ခွာနာလျှာနာရောကာကွယ်ဇုန် (Disease Protection Zone)၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်(Disease Control Zone)များကို သတ်မှတ်ချက်အတိုင်း တည်ထောင်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ မူဝါဒချမှတ်ပြီး အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ ဆက်လက်ပြီး နေပြည်တော် ရှစ်မြို့နယ်၌ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှစ၍ ဌာနဘဏ္ဍာရန်ပုံငွေဖြင့် ခွာနာလျှာနာရောဂါ အခမဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကြေညာနိုင်ခဲ့ပြီး ခွာနာလျှာနာ ရောဂါကင်းရှင်းဇုန်အား ဆက်လက်ကြေညာနိုင်ပါက နေပြည်တော်ကောင်စီနယ်မြေမှ ထွက်ရှိတဲ့ မွေးမြူရေး ထွက်ကုန် အေးခဲအသားများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် ပြည်ပသို့ မွေးမြူရေးအေးခဲအသားများ တင်ပို့ခြင်းလုပ်ငန်းအတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ အသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ပြီး တစ်ဖက်တွင်လည်း ရောဂါကင်းရှင်းကြောင်း အတည်ပြုချက်များရရှိပြီးပါက ကုန်သွယ်ဖက်နိုင်ငံများသို့ တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရန် စီမံဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် စီမံကိန်းဒေသမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ တက်ရောက်ခဲ့ကြပါတယ်။ (NVS-004)

06 Nov

ADVERTISE HERE .