“ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂန္ထဝင်ကစားသမား အူဆီဘီယိုကို ဂုဏ်ပြုဖန်တီးထားတဲ့ဝတ်စုံနဲ့ပေါ်တူဂီယှဉ်ပြိုင်မည်”
06 Nov
ပေါ်တူဂီလက်ရွေးစင်အသင်းဟာ အာမေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂန္ထဝင်ကစားသမား အူဆီဘီယို ကို ဂုဏ်ပြုဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ အူဆီဘီယို ဟာ ပေါ်တူဂီဘောလုံးလောကမှာ စံချိန်မှတ်တမ်းကောင်းများစွာ ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အသက် ၇၁ နှစ်အရွယ် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အူဆီဘီယို ဟာ Ballond'Or ဆု ပထမဆုံးရယူနိုင်တဲ့ ပေါ်တူဂီ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး ဒီနှစ်က သူဆုရရှိခဲ့တဲ့ နှစ်(၆၀) ပြည့်ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ Puma ကုမ္ပဏီတို့က ထူးခြားတဲ့ဂုဏ်ပြုအစီအစဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အမည်ပြောင် ကျားသစ်နက်နဲ့ကိုက်ညီအောင် ဝတ်စုံကို အနက်ရောင်ဖန်တီးထားကြောင်း သိရပါတယ်။ ဒါ့အပြင် အူဆီဘီယို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၃)ကို ဝတ်စုံရဲ့ ရှေ့ဘက်ရော နောက်ဘက်မှာပါ ဖော်ပြသွားမှာဖြစ်ပြီး အူဆီဘီယိုက Ballond'Or ဆုကို ၁၉၆၅ ခုနှစ်မှာ ရရှိခဲ့ခြင်းဖြစ်တာကြောင့် အဆိုပါဝတ်စုံကို ၁,၉၆၅ စုံသာ ကန့်သတ်ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ ပေါ်တူဂီအသင်းဟာ အာမေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှာ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဝတ်စုံရောင်းချမှုကိုလည်း အဆိုပါနေ့မှာပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ (NVS 008)