“တရုတ်က အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို တစ်နှစ်တာဆိုင်းငံ့”
06 Nov
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို တစ်နှစ်တာ ဆိုင်းငံ့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် ကြေညာသည်။ ယခုဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် နှစ်နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးရာမှရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည် ဖော်လိုက်ခြင်းဖြစ်သည်။ အမေရိကန်မှ ကုန်ပစ္စည်းများအပေါ် အခွန်၂၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုကို ဆိုင်းငံ့ထားခြင်းနှင့် အခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ခြင်းကို တစ်နှစ်ဆက်လက်ထားရှိမည်ဟု နိုင်ငံကောင်စီ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါဆိုင်းငံ့မှုသည် နိုဝင်ဘာလ ၁၀ ရက်မှ စတင်အသက်ဝင်မည်ဖြစ်သည်။ နှစ်နိုင်ငံကြား သဘောတူညီချက်အရ အမေရိကန်သမ္မတကလည်း တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချရန် နိုဝင်ဘာလ ၄ ရက်တွင် ကြေညာသည်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား ၂၀၂၅ ခုနှစ်တွင် ကုန်သွယ်ရေးနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပွားပြီးနောက် အခွန်များကိုအပြန်အလှန် တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။