“မြန်မာနိုင်ငံမှာ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်ကို ၂၀၂၆-၂၀၃၀ ကာလအထိသက်တမ်းတိုးမည်”

06 Nov

မြန်မာနိုင်ငံမှာ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်ကို ၂၀၂၆-၂၀၃၀ ကာလအထိသက်တမ်းတိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းမှ နိုဝင်ဘာလ ၄ ရက်က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ၏ (၁၄)ကြိမ်မြောက်ညီလာခံတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုရှိရေး၊ ပွင့်လင်းမြင်သာရေး နှင့် တာဝန်ခံမှုရှိရေးတို့အတွက် အဂတိတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် ၂၀၂၂-၂၀၂၅ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံချက်ကို ၂၀၂၆-၂၀၃၀ ကာလအထိ သက်တမ်းတိုးဆောင်ရွက်သွားရန် စီစဉ်ထား တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ နိုင်ငံတစ်ဝှမ်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရာတွင် မိတ်ဖက်နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာများ(MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များ၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ်တွင်ပါဝင်ခြင်းတို့ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ကုလသမဂ္ဂရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC)ဆိုင်ရာ အစည်းအဝေးများမှာ တက်ကြွစွာပါဝင်တက်ရောက်နေခြင်း၊ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းနှင့် မြန်မာနိုင်ငံမှ လာမည့် ၂၀၂၆ ခုနှစ်တွင် ASEAN-PAC ၏ အကြီးအမှူးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိမှုတို့ကိုလည်း ပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် IACA ကပေးအပ်နေသည့် သင်တန်းများ၊ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလုပ်ငန်းများအပေါ် အပြည့်အဝထောက်ခံကာ မည်သည့်နိုင်ငံမျှ နောက်ကျမကျန်ရစ်စေရေးအတွက် ပညာသင်ဆုများနှင့် သင်တန်းကြေးသက်သာတဲ့ အစီအစဉ်များ‌ပေးရန် အရေးကြီးပါကြောင်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ (NVS 004)

06 Nov

ADVERTISE HERE .