“မိဘများအနေနဲ့ မိမိတို့ရဲ့သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလို”
06 Nov
ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက်အောင်မြင်စေရန် ဆရာ/ဆရာမများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်၍လည်း ပညာရေးဝန်ကြီးက Grade-9 အောင်မြင်ပြီးတဲ့အခါ Grade-12 သို့ ဆက်လက် တက်ရောက်လိုခြင်းမရှိပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ထားရှိကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိပြီး အဆိုပါကျောင်းများတွင် တက်ရောက် အောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Grade -12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ ဆရာ/ ဆရာမများမှာ တာဝန်ရှိသကဲ့သို့ ကျောင်းပြင်ပသို့ရောက်ရှိချိန်မှာ မိဘများက ထိန်းကျောင်းပေးရမည်ဖြစ်ကြောင်းနှင့် ဆရာ/ဆရာမများ၏ သင်ကြားရေးအရည်အသွေး ကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး သုတေသနလေ့လာတွေ့ရှိချက်များပေါ်မှာ အခြေခံ၍ သင်ကြားရေးစွမ်းရည်များ မြှင့်တင်နိုင်ရန် ထိရောက်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အလားတူ စာကြည့်တိုက်အခြေပြုသင်ကြားရေးစနစ်ကိုလည်း အားပေးလျက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအနေနဲ့ စာကြည့်တိုက်သို့ ကိုယ်တိုင်သွားရောက်၍ အသုံးပြုလေ့လာကြပြီး ကျောင်းသား/ ကျောင်းသူများ လေ့လာသင်ယူနိုင်မည့် စာအုပ်များကို ဖြည့်ဆည်းထားရှိပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)