“မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် ဆွေးနွေး”

05 Nov

မြန်မာ-ရုရှားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov တို့ နိုဝင်ဘာလ ၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေး၊ လေကြောင်းလိုင်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွား ဧည့်သည်များ လည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံ၌ နှစ်စဉ်ကျင်းပတဲ့ ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများမှာ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာပါအချက်များ အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအစားအသောက်နှင့် အချက်အပြုတ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား ယဉ်ကျေးမှုနှင့်ပြန်ကြားရေးဌာန ထူထောင်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံအမျိုးသားစာကြည့်တိုက်များအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော် ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများဖြစ်တဲ့ ဦးကိုကိုကျော်၊ ဒေါ်နုမြဇံ နှင့် ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

05 Nov

ADVERTISE HERE .