“မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဘုရားဖူးသူဦးရေ ၃ သန်းမြောက် ဆရာတော်ကို ဓမ္မလက်ဆောင် ပစ္စည်းများ ဂုဏ်ပြုဆက်ကပ်လှူဒါန်း”
05 Nov
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ် မပြတ်စည်ကားလျက်ရှိပါတယ်။ အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက် ဖူးမြော်ကြည်ညိုကြရာ နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာသူ ပြည်သူများအနက်မှ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မရွေးရွာဘုန်းတော်ကြီးကျောင်းတိုက်မှ သက်တော် ၃၉ နှစ်၊ ဝါတော် ၁၉ ဝါ ရှိ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တ ကုဝေရ က လာရောက်ဖူးမြော်သူဦးရေ ၃ သန်းမြောက် ဆရာတော်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ ၃ သန်း ပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်တဲ့ ဆရာတော်နှင့် ဆွေမျိုးများကို ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူ များက ဘုရားကြီးမုဒ်ဦးမှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံ ဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များကို လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြပါတယ်။ ထို့နောက် ယာယီရှင်းလင်းဆောင်မှာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယရုပ်ပွားတော် မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ တည်ထားကိုးကွယ်မှုဆိုင်ရာများနှင့် ဦးရေ ၃ သန်းမြောက် ဘုရားဖူးလာ ဆရာတော်ဖြစ်လာရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆရာတော်ကို ဉာဏ်တော် ၉ လက်မအမြင့်ရှိသော စကျင်ကျောက်ဖြင့်ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပုံတော်တူဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံတစ်ပုံ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများဆိုင်ရာ သမိုင်းကြောင်းပါဝင်တဲ့ CD တစ်ချပ်နှင့် ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့နဲ့ ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း ၄၀ အုပ်တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVS 004)